စိတ်ဖိစီးမှုတွေကို အိပ်ခန်းပြင်ပမှာ ထားခဲ့ပါ
စိတ်ဖိစီးမှုကြောင့် အိပ်ရေးပျက်နိုင်တယ်၊ ကျန်းမာရေးထိခိုက်စေနိုင်တယ်လို့ ပြောရင် သင်ယုံမလားဗျ။ တကယ်တော့ စိတ်ဖိစီးမှုဆိုတာ ကောင်းတဲ့အရာတစ်ခု လုံးဝမဟုတ်ပါဘူး။ ဒီလိုစိတ်ဖိစီးမှုဖြစ်နေချိန်မှာ ဦးနှောက်ကနေလည်း ကော်တီစော်လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို အများအပြားထုတ်လွှတ်နေတာကြောင့် လူကို မအီမသာဖြစ်စေပြီး ကြွက်သားတွေ ညောင်းကိုက်စေပါတယ်။
လူတစ်ယောက် ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်စေဖို့ဆိုတာ ကြွက်သားတွေက တင်းမာခြင်းမရှိဘဲ ပျော့နေပြီး စိတ်က relax ဖြစ်နေမှ ရတာပါ။ ဒီတော့ တစ်နေ့တာရဲ့ စိတ်ညစ်စရာ၊ စိတ်ဖိစီးမှုတွေကို အပြင်မှာ ထားခဲ့တာ အကောင်းဆုံးပါပဲ။
အိပ်ကာနီးမှ စိတ်ဖိစီးမှုအကြောင်းတွေ တွေးမိတဲ့အခါ
၁။ ဦးနှောက်က ဒီအကြောင်းအရာတွေကို အာရုံစိုက်ပြီး တွေးနေမှာဖြစ်တဲ့အတွက် အိပ်ဖို့ကို အာရုံမရတော့ဘဲ စိတ်ညစ်စရာတွေကိုပဲ တောက်လျှောက်တွေးနေမိမှာပါ။ ဒီဖြစ်စဉ်ဟာ လူနိုးနေစဉ်မှာလည်း သိစိတ်ကနေ တွေးပေးသလို၊ အိပ်ပျော်သွားရင်လည်း မသိစိတ်ကနေ ဦးနှောက်က တွေးနေရပြီး အိပ်မက်ဆိုးအဖြစ်နဲ့ အိပ်ပျော်နေသူကို ပြန်ပြီး ခြောက်လှန့်နိုင်ပါတယ်။
၂။ အပေါ်မှာ ပြောခဲ့သလိုပဲ စိတ်ဖိစီးမှုဟာ ကြွက်သားတင်းမာခြင်းနဲ့ ညောင်းညာကိုက်ခဲခြင်းကို ဖြစ်စေလို့ ကောင်းစွာ အိပ်ပျော်နိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။
၃။ စိတ်ညစ်စရာတွေ တွေးပြီး အိပ်ပျော်သွားလို့ အိပ်မက်ဆိုးတွေ မကြာခဏမက်ပြီး လန့်နိုးလာတဲ့အခါ လူတွေရဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းက ခဏရပ်တန့်လိုက်ရတတ်ပါတယ်။ ပိုဆိုးတဲ့အခြေအနေမှာ လန့်နိုးလာတဲ့အချိန် စိတ်ညစ်စရာတွေးထားတဲ့အရှိန်ကြောင့် လူက ဆက်တိုက်ပြန်အိပ်ပျော်ဖို့ကို အချိန်ပြန်ယူရနိုင်ပါတယ်။
၄။ စိတ်ညစ်စရာတွေ တွေးမိတဲ့အခါ နိုးနေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ဦးနှောက်ကနေ စိတ်ဖိစီးမှုဟော်မုန်းတွေကို အများအပြား ထုတ်လွှတ်နေတဲ့အတွက် မနက်အိပ်ရာနိုးတဲ့အခါ ဒီဟော်မုန်းဒဏ်ကြောင့် ကိုယ်တွင်းအင်္ဂါတွေ လုပ်ဆောင်မှုကျဆင်းနေသလို၊ ဦးနှောက်က ထိုင်းမှိုင်းနေမယ်၊ လူကလည်း မအီမသာဖြစ်နေပြီး နေမကောင်းသလို၊ ခေါင်းမူးသလို ဖြစ်နေနိုင်ပါတယ်။
ဒါကြောင့် အကောင်းဆုံးကတော့ အိပ်တဲ့အချိန်ကို စိတ်ဖိစီးမှုတွေ ရမည်ရှာပြီး ပြန်မတွေးဖို့ပါပဲ။ အကယ်လို့ ကိုယ်က အလုပ်အကိုင်ကြောင့်၊ ဘဝရှေ့ရေးကြောင့်၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်စရာတွေ များနေတဲ့သူတစ်ယောက်ဆိုရင် ခုပြောပြမယ့် အချက်တွေကို သေချာလုပ်ကြည့်စေချင်ပါတယ်။
၁။ အိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီခွာပြီး လေ့ကျင့်ခန်းတစ်ခုလုပ်ပါ။ ယောဂလေ့ကျင့်ခန်းလို ပေါ့ပေါ့ပါးပါးနဲ့ အာရုံစိုက်ရတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
၂။ အိပ်ချိန်နဲ့ တစ်နာရီ၊ နာရီဝက်အလိုမှာ တရားထိုင်ပါ။ တရားထိုင်ခြင်းက ကိုယ့်ရဲ့သမာဓိကို အားကောင်းစေပြီး စိတ်ညစ်စရာတွေ မတွေးမိအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ပါတယ်။
၃။ တစ်နေ့တာလုံး တက်တက်ကြွကြွနေပါ။ လူ့သဘာဝအရ ငြိမ်နေပြီဆိုတာနဲ့ ဦးနှောက်က ရောက်တတ်ရာရာတွေကို ရှာတွေးတတ်တဲ့အကျင့်ရှိလို့ ကိုယ့်စိတ်ကို လမ်းကြောင်းလွှဲပေးမယ့် အလုပ်တစ်ခုခုကို အမြဲရှာလုပ်နေတာ အကောင်းဆုံးပါပဲ။
၄။ လေ့ကျင့်ခန်း၊ သို့မဟုတ် ပုံမှန်လုပ်ပေးလို့ရတဲ့ အားကစားတစ်ခု လုပ်ပေးပါ။ ဘောလုံးကန်တာ၊ ရေကူးတာ၊ ဘတ်စကတ်ဘောပုတ်တာမျိုး အားကစားမျိုးတွေ လုပ်ပေးနိုင်သလို၊ မိသားစုနဲ့အတူ လမ်းထွက်လျှောက်တာ၊ ပြေးတာမျိုးကလည်း ကိုယ့်ရဲ့ စိတ်ကို စိတ်ညစ်စရာအတွေးထဲကနေ ရုန်းထွက်နိုင်ပြီး လက်ရှိလောကမှာ ရှိနေစေဖို့ လမ်းကြောင်းပေးတာနဲ့ အတူတူပါပဲ။
ဘယ်သူမဆို စိတ်ညစ်စရာ၊ စိတ်ဖိစီးမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီစိတ်ညစ်စရာတွေကို အမြဲတမ်းထမ်းပိုးပြီး လွယ်နေရင်၊ အာရုံစိုက်ပြီး တွေးနေရင် နောက်ဆက်တွဲအနေနဲ့ ရုပ်ခန္ဓာကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပြီး အသက်တိုစေနိုင်တာကို သတိပြုသင့်ပါတယ်။
အကယ်လို့ ကိုယ့်မှာ စိတ်ဖိစီးမှုပြဿနာတွေ အများအပြား ကြုံတွေ့ခံစားနေရတာကြောင့် အိပ်ချိန်၊ ကျန်းမာရေးကို ထိခိုက်နေတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ဆရာဝန်နဲ့ သေချာပြသပြီး ဆွေးနွေးတိုင်ပင်မှု (Counseling) အကူအညီကို ရယူဖို့ အကြံပေးလိုက်ချင်ပါတယ်ခင်ဗျာ။
ရေးသားသူ - ဒေါက်တာ ရဲမျိုးမြတ်